အသည်းတစ်လုံး ကွဲသောမောင်ကဗျာ

|


သိပ်မကြာသော နေ့ရက်များက လက္ဘက်ဆိုင်ထိုင်ရင်း သူငယ်ချင်းတစ်ယောက်ကောက်ရခဲ့သည်။ ဒီလိုပါ... တစ်မနက်ခင်းမှာ ကျွန်ုပ်သည် ၀င်ကမ္ဘာ ကဖေးဆိုင်မှာ လက်ဘက်ရည်လေးသောက်လိုက် eleven ဂျာနယ်ဖတ်လိုက် တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။ ပြောရအုန်းမည် ကျွန်ုပ်တို့လက် ဘက်ရည်ချို ကြိုက်သူတိုင်းသည် လက်ဘက်ချိုတစ်ခွက်ဆိုတာ သိပ်ပြီးတန်ဖိုးရှိသည်။ လက်ဘက်ရည်တစ်ခွက်ကို အနည်းဆုံးနာရီဝက်လောက်သောက်သည်။ ကျွန်ုပ်တို့သောက်ပုံမှာ မော့သည်ဆိုရုံလောက်ပဲခင်ဗျား။
ဒီလိုပါ.. လက်ဘက်ရည် မြန်မြန်ကုန်သွားနေမှာစိုး၍ မော့သောက်လိုက်တိုင်း လက်ဘက်ရည်က ရှာကိုထိရုံလောက်သာ သို့မဟုတ်တစ်စက်လောက် သာပါးစပ်ထဲအရောက်ခံပါသည်။ ဒီလိုနှင့် တစ်စက်ချင်းသောက်နေမှသာ စာစောင်တစ်ခု ဒါမှမဟုတ် သီတင်းစာတစ်စောင် ဖတ်ပြီးချိန်အထိခံလိမ့် မည်။ ကျွန်ုပ်သည်လည်း အဲ့ဒီအတိုင်း သောက်နေရင်း မိနစ်သုံးဆယ်လောက်ကြာသွားသည်။ အဲ့ဒီအချိန်မှာ လူတစ်ယောက်ဝင်လာသည်၊ အသက်နှစ်ဆယ့် ငါးနှစ်အရွယ် လူတစ်ယောက်။ ဆိုင်မှာလူပြည့်နေတော့ စားပွဲဝိုင်းအလွတ်မရှိ။
ဒါကြောင့် အဲ့ဒီလူက ကျွန်ုပ်တစ်ယောက်တည်း ထိုင်နေသည့်ဝိုင်းကိုလျှောက်လာသည်။ ရောက်လျှင်ရောက်ချင်းပဲ သူသည်ယဉ်ကျေးသိမ့်မွေ့စွာဖြင့် ကျွန်ုပ်ကို `ကျွန်တော်ဒီမှာထိုင်လို့ ရမှာလားဗျာ၊ မိတ်ဆွေဖြစ်ခွင့်ပေးပါ၊ ကျွန်တော့်နာမည်က မောင်ကဗျာ´ဟု နုတ်ဆက်လိုက်သည်။ တယ်လာ တဲ့စာပါလား၊ ဘယ်စာအုပ်ထဲကများ အလွတ်ကျက်ထား သလဲတော့မသိဘူး လာလာကတည်းကိုက ကာရံလေးနှင့်။ ကျွန်ုပ်က အေးအေး..ရပါ့ ရပါ့ ထိုင်ပါခင်ဗျား ထိုင်ပါခင်ဗျား၊ တွေ့ရတာဝမ်းသာပါတယ်ဗျာ မိတ်ဆွေအသစ်ရတာပေါ့ဟု ပြန်ဖြေသည်။ သူက ဟုတ်ကဲ့ ကျေးဇူးနော် အစ်ကို ဆိုပြီး ထိုင်ခုံပုလေးတစ်လုံးကိုဆွဲကာ ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင် ၀င်ထိုင်လိုက်လေတော့သည်။ ပြီးတော့ ဒါနဲ့ ညီလေးဘယ်မှာနေလဲဟု ကျွန်ုပ်မေးသည်။
သူက ညာဘက်လှည့် လက်ညိုးထိုးရင်း ဆက်၍ပြောသည် ကျနော့်နေရာ လမ်ဆုံရဲ့ဘယ်ဘက်အကွေ့မှာ ၀ါးလုံးငါးလုံးလောက်အကွာလျှောက်လိုက် ရင် ငုတ်ပင်တိုတို အပင်အိုကြီး တည့်တည့်မျက်နှာဆိုင် အဲ့ဒါ ကျနော့်ကိုယ်ပိုင်အိမ်လေးပေါ့ဗျာ..တဲ့လေ၊ ကျွန်ုပ်ဖြင့် စကားတစ်ခွန်းမှ မပြောနိုင် သေးဘဲ ပါးစပ်အဟောင်းသားနှင့် နားထောင်နေခဲ့ရသည်။ အောင်မလေးနော် ၀ါးလုံးငါးလုံးလောက်တဲ့ ဘယ်လိုတိုင်းရမှန်းမသိဘူး၊ တော်တော့်ကို ရှာရှည်သည့်လူပဲ။ မဟုတ်မှလွှဲရော ဧကန္တ ဒီလူကဗျာရူး ရူးနေတယ်နဲ့တူတယ်၊ အင်းလေ.. အရူးရူးချင်း စာလိုက်လျှင် ကဗျာရူးတာကတော့ အရူးကောင်းပေါ့ဟု ကျွန်ုပ်စိတ်ထဲရေရွတ်နေမိသည်။ ကျနော်နဲ့ လိုက်ခဲ့ဆိုလျှင်လည်းပြီးတဲ့ဟာကို ကဗျာတွေစပ်ပြီး ညွန်းနေလိုက်တာ။ ကျွန်ုပ်သည် စိတ်မရှည်နိုင်တော့ဘဲ အေးဗျာ..ခင်ဗျားနဲ့တစ်ခါတည်း လိုက်ခဲ့မယ်ဟု စကားဖျက်ရပါတော့သည်။ ဟ..အစ်ကိုတစ်ကယ်ပြောတာ လား၊ လိုက်ခဲ့လေ ကျနော်မောင်ကဗျာက ကြိုဆိုပါတယ်။ မိတ်ဆွေလဲရ လက္ဘက်ရည်လဲသောက်ရ မင်္ဂလာရှိပါ့ဒီနေ့လေး..တဲ့။ အင်း..ဒီအတိုင်း ဆိုလျှင် ဒီလက္ဘက်ရည် နှစ်ခွက်ကတော့ ငါပဲရှင်းရမှာသေချာသွားပြီဟု အလို လိုကျွန်ုပ်စိတ်ထဲ၌ သိနေသည်။ ဒါကြောင့် ကျွန်ုပ်လည်း ကဲ့ကဲ့.. ကိုကဗျာ ဟိုဒေါင့်မှာရပ်နေတဲ့ ငနဲ့စားပွဲထိုးကိုခေါ်လိုက်ဗျာ ပိုက်ဆံရှင်းလိုက်မယ်ဟု ပြောသည်။ ကိုကဗျာ သည် ဟိုးဟိုး စားပွဲထိုးတဲ့ညီလေး ရှောက်ငေးမနေနဲ့ ဒီလာခဲ့..တဲ့ဗျာ သူ့ပါးစပ်ကြီးထဲ၌ ကဗျာစာအုပ်ကိုငုံ ထားလားထင်ရသည်။ပိုက်ဆံရှင်းပြီး ကျွန်ုပ်တို့နှစ်ယောက် ပြိုင်တူထလိုက်သည်။ ကျွန်ုပ်သည် အိမ်ဘက်ကိုမလှည့်တော့ဘဲ မောင်ကဗျာနောက်ကို လိုက်သွားပါလေတော့သည်။ အခုနားက သူပြောလိုက်သည့် အိမ်ညွန်းလိပ်စာနှင့် ခုလမ်းလျှောက်လာနေရသည်ကိုကတစ်ခြားစီဖြစ်နေသည်။ ဟိုအကွေ့ရောက်သည်နှင့် ခွေးနှစ်ကောင်က ဆီး၍ကြိုနေသည်။ ခွေးကိုသာကျော်သွားသည် နောက်ကမလုံ နောက်ကနေ၀င်ဆွဲမှာကျောက်၍ ပြန်ပြန်လှည့်ကြည့်နေရသည် တစ်ယောက်တည်းသာဆိုလျှင် မိတ်ဆွေပျက်ချင်နေ မပျက်ချင်နေ ကျွန်ုပ်ပြန်လစ်မှာသေချာသည်။
ကျွန်ုပ်ကို ချောင်ဂျိုခြောင်ကြားထဲ ခေါ်သွားနေတာ ဧကန္တ အရက်ဆိုင်ကိုတော့ မဟုတ်လောက်ဘူးထင်ပါရဲ့။ ဟိုလမ်းဝင် ဒီလမ်းထွက်နှင့် သူ့အိမ်လေး ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။ ဒီလိုနှင့် သူ့အိမ်ရောက်ရောက်ချင်း သူ့အမေနှင့် မိတ်ဆက်ပေးလိုက်ပုံမှာ အမေရယ် ဒီနေ့လေ မင်္ဂလာရှိပါ့ သူငယ်ချင်းအသစ်ချွတ်ချွတ်လေး လက္ဘက်ရည်ဆိုင် ဘေးနားမှာ ကောက်ရခဲ့တယ်ဟု မိတ်ဆက်လိုက်သည်။ အောင်မလေး ကျွန်ုပ်ကိုများ ကျကျန်ခဲ့ သည့်ပစ္စည်းတစ်ခုခုများ အောင့်မေ့နေရော့လား ငကဗျာရယ်။ အဒေါ်ကြီးက ဘာပြောတယ် မှတ်လို့လဲ၊ အေးအေး.. ထွန်းထွန်းရယ် ကောက်ရလေ ရငြား ကောင်းကောင်းထားပြုစုနော်သား..တဲ့ဗျာ။ သူတို့တစ်အိမ်လုံး စကားပြောလိုက်လျှင် ဒီအတိုင်းပဲ၊ မတွေ့စဖူးအတွေ့ကိုထူးနေသည်မို့ အံ့ပါရဲ့ အံ့ပါရဲ့ဟု ကျွန်ုပ်သည် ရေရွတ်နေပါတော့သည်။ သူငယ်ချင်း လာထိုင်လေ ရေနွေးကြမ်းလေးသောက်ရအောင် ဆိုပြီးတစ်ခွက်ငှဲ့ကာ ကျွန်ုပ်ကို လှမ်းပေးလိုက်သည်။ ကျွန်ုပ်သည် မောမောနှင့်ရေနွေကြမ်းကို တစ်မော့လောက်မော့ကျိတ်လိုက်ပြီး၊ ဒါနဲ့ ခင်ဗျားနာမည်အရင်းက ဘယ်လို ထွန်းထွန်းလား ထွေးထွေးလား ခုနားကြားရတာ နားသိပ်မရှင်းဘူးဟု မေးသည်။ ထွန်းထွန်းပါခင်ဗျားဟု သူဖြေသည်။ အဲ့ဒီထွန်းထွန်းဆိုတဲ့ နာမည်ကြီးကိုမကြိုက်ဘူးဗျ၊ ဘာဖြစ်လို့လဲဟု ကျွန်ုပ်မေးသည်။ ဒီလိုပါဗျာ.. ကျနော်တို့ရဲ့ ရပ်ကွက်ထဲမှာ အရက်သမား ထွန်ထွန်းဆိုတဲ့ မုဆိုး ဖိုကြီးတစ်ယောက်ရှိတယ်၊ နေ့မှန်းမသိ ညမှန်းမသိ ၂၄နာရီလုံးမူးနေတာပဲ၊ လမ်ကြိုလမ်းကြားက သူ့ရဲ့အိမ်ပဲဗျ၊ ဟိုတစ်ညကကျနော် ဘောလုံးပွဲကြည့် အပြန် လမ်းခလယ်ကောင်မှာ အ၀တ်မပါ ပါမပါ ကိုယ်တုံးလုံးနဲ့ဗျ၊ အောင်မေလေး... ကျနော့်ဝိညာဉ် ဘယ်ရှာရမှန်းမသိဘူး အသေကောင်ကြီးထင်ပြီး လန့်လိုက်တာဗျာ နောက်နေ့ရောက်တော့ ကျနော်ဖျားပါလေရော၊ တော်သေးရဲ့ ၀ိညာဉ်ခေါ်ဆရာ လာကယ်လို့ပေါ့။
ဒါကြောင့် အဲ့ဒီနာမည်ကြီးကို ကြိုက်ဘူးဗျဟု ပြောသည်။ ပြီး သူက ဒါနဲ့ နေအုန်းဗျ..မေ့နေလိုက်တာ အစ်ကိုယ့်နာမည်ကိုကရော ဘယ်လိုခေါ်လဲဟု မေးသည်။ အဲ့လေ.. ကျုပ်ကပဲမေ့သလား၊ မင်းကပဲမေးဖို့ မေ့နေသလားတော့မသိဘူး၊ ငါ့နာမည်က ထိန်းငြောင့်လို့ခေါ်တယ်။ သူက ဟင်..ဆိုပြီး အံ့သြသွားသည်။ ကျွန်ုပ်ကလည်း ခပ်ကြောင်ကြောင် ခပ်ပေါပေါ နာမည်အတုကို မောင်ကဗျာတို့အိမ်မှာ တပ်လိုက်ရပါတော့သည်။ သူက အစ်ကိုယ့် နာမည်ကဘယ်လို ထိန်းငြောင့်တဲ့လား၊ ဟားဟား ခင်ဗျားနာမည်က တစ်မျိုးကြီးပဲဗျ၊ အင်းလေ ထိန်းငြောင့်ဆို ထိန်းငြောင့်ပေါ့၊ ဟီးဟီးဟီး... ခင် ဗျားနာမည်ခေါ်ရတာ ခုန်ပေါက်ကပြီး ခေါ်ရမလိုပဲ။ ဒါနဲ့ ဘယ်လိုကနေ ဘယ်လိုလုပ်ပြီး ကိုထိန်းငြောင့်ကြီးဖြစ်လာလဲ။ အာ...ခင်ဗျားကလဲ ထိန်းငြောင့်ဆို ထိန်းငြောင့်လို့မှတ်ထားပေါ့ဗျ၊ မေးမနေနဲ့။အော်ဟေ့...နေပါအုန်းဗျ စောစောက ခင်ဗျားပြောတာ နာမည်က ကဗျာဆိုဟု ကျွန်ုပ် မေးသည်။ ဟုတ်တယ် အဲ့ဒါ ကိုယ့်ဟာကို မှည့်ထားတာဗျ၊ ကျနော်က ကဗျာဝါသနာပါလို့၊ ဘယ်လိုလဲ ကောင်းတယ်မို့လားဟုမေးသည်။ ကျွန်ုပ်က ကောင်းပါတယ်၊ ဒါပေမယ့်... ကဗျာ ဆိုတဲ့နာမည်က မိန်ကလေးနာမည်ဗျ၊ ယောကျားနဲ့တော့ သိပ်မလိုက်ဘူး။ ကျနော်သာ ခင်ဗျားကို ကိုယ်တွေ့ မျက်မြင် မဟုတ်ခဲ့ရင် ခင်ဗျားကို မိန်းမကြီး ပဲလို့ ထင်နေမှာဗျ။ အဲ့... အခြောက်တွေလည်း အဲ့ဒီနာမည်ကို သုံးတတ်တယ်ဗျဟု ပြောသည်။ ဟိုးဟိုး... ရပ်...ရပ်... ရပ်ထား တော်ပါတော့ ကိုထိန်းငြောင့်ရယ်၊ ခင်ဗျားစကားထဲ အခြောက်ပါလာပြီ၊ ဖွဟေ့ ဖွဟေ့ ဆိုပြီး ကျွန်ုပ်ကို တားနေပါတော့သည်။ အဲ့လေ..ကဗျာဆိုလည်း ကဗျာလို့မှတ်ထားပါ့မယ်ဗျာ၊ ခင်ဗျားရဲ့ အိုင်ဒီနာမည်ပေါ့နော်။ ဟေးဟေး..ဟုတ်ပါ့ဟုတ်ပါ့ဆိုပြီး ခေါင်းကြီးတစ်ညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။
ကျွန်ုပ်ကမေးသည် မောင်ကဗျာက ကဗျာရေးတာ အတော်ကောင်းလောက်တယ် ပြစမ်းပါအုန်း ရေးထားတာလေးတွေ။ သူက ဟီးဟီး... ကဗျာက ခုမှတစ်ဗုဒ်ပဲ့ ရှိသေးတယ်ဟုပြောသည်။ ဟင်..ခင်ဗျားက ကဗျာဝါသနာပါတယ်ဆို ဘယ့်နှယ် တစ်ဗုဒ်ထဲရေးရတာလားဗျဟု ကျွန်ုပ်က ခပ်ငေါက်ငေါက်နှင့် ပြောလိုက်သည်။ အာ... ကိုထိန်းငြောင့်ကလဲ မသိလို့ပါ ကျနော်အဖြစ်က..ဗျာ အသည်းကွဲတာ မကြာသေးဘူး ဟူး.. ပြောကိုမပြောချင်ဘူး သူ့နဲ့ကွဲပြီးမှ ကဗျာ့တစ်ဗုဒ်ရေးနိုင်တာ အဲ့ဒီကဗျာဆိုတဲ့နာမည်ကလည်း မှည့်ထားတာ မကြာသေးဘူးဗျဟု မိုင်တိုင်တိုင် ဆွေးဆွေးကြီးနှင့်ပြောပြရှာသည်။ ကဲ့ပါဗျာ..ကိုထိန်းငြောင့်ရယ် ကျုပ်ရေးထားတဲ့ ဒီကဗျာလေးကို ဖတ်စမ်းပါအုန်းဗျဆိုပြီး ကျွန်ုပ်ကိုလှမ်း ပေးလိုက်သည်။ ကျွန်ုပ်သည် သူ့၏ကဗျာကို စ၍ဖတ်ပါတော့သည်။
ကဗျာစာသားများမှာ ဤသို့ဖြစ်သည်- ချစ်ရယ်... ကိုမှတ်မိပါတယ် မင်းကောမမှတ်မိဘူးလား ဟိုတစ်နေ့ကတို့နှစ်ယောက် မင်းတို့ရဲ့ ၀က်ခြံနဲ့ကြက်ခြံ ကြားထဲမှာ ခိုးချိန်းတွေ့ခဲ့တဲ့ လကွယ်ညက မင်းပြောလိုက်တဲ့ စကားလေးတစ်ခွန်းလေ မယ့်ကိုခွဲမသွားပါနဲ့ မောင့်ကိုသိပ်ချစ်တယ် ခွဲနိုင်ဘူးလို့ အချစ်ကကိုယ့်ရဲ့ ရင်ခွင်ထဲမှာနေပြီး မော့ကြည့်ရင်းနဲ့ ပြောလိုက်တာလေ မှတ်မိဖူးလား ဒါမှမဟုတ် မေ့သွားပြီလား... အဲ့ဒီ မှာတင်ပဲ ကျွန်ုပ်ရပ်လိုက်ပြီး၊ ဟာ... ခင်ဗျားဟာကြီးက ကဗျာနဲ့ကိုမတူဘူး စကားပြောနေရတဲ့အတိုင်းပါလားဗျ၊ ဖတ်ရတာဖိလင်ကိုမလာ ဘူးဟု ကျွန်ုပ်ငြီးလိုက်သည်။ သူက အာ...ခင်ဗျားနှယ်ကဗျာကိုဆုံးအောင်တော့မဖတ်ဘူး အပြစ်တင်နေတော့တာပဲ၊ ဆက်ဖတ်လေဗျာ။ အင်းအင်း...ဖတ်ပါ့မယ် ဖတ်ပါ့မယ် ကိုကဗျာရယ်၊ အဲ့... မဆက်ခင် ရေနွေးကြမ်းလေး ငှဲ့ပေးစမ်းပါအုန်းဟု ကျွန်ုပ်ပြောသည်။ ပြီးမှ ကျွန်ုပ်ဆက်ဖတ်သည်။ မေ့သွားပြီလား၊ ငါကတော့လေ မင်းကိုတမ်းတ လွမ်းရလွန်းလို့ထမင်းတောင် မစားနိုင်ခဲ့ဘူး။ အင်းပါလေ ဖြစ်တတ် ပါတယ် ခွင့်လွှတ်ပါတယ် သွားပါမယ့်လိုရာ မောင်မတားပါဘူး၊ ဒီကဖြေနိုင်သမျှ ကြိုးစားဖြေပါ့မယ်၊ အချစ်ရယ် မင်းတစ်ယောက်တော့ အရက်ပု လင်းတစ်လုံးလိုပါပဲ လက်ထဲရောက်လာဖို့ ဖမ်းဆုပ်ကိုင်ခဲ့တယ် လက်ထဲရောက်တော့ လိမ့်ကျသွားခဲ့တယ် ကွဲပါပြီမောင့်အသည်းတစ်လုံး...တဲ့။
ဖတ်အပြီး ကျွန်ုပ်က ဟ..ကိုကဗျာ ကျုပ်ကြားဖူးတာက အသည်းနှစ်လုံးပါဗျ ခင်ဗျားရေးထားတာက တစ်လုံးတည်းရယ်၊ ဧကန္တခင်ဗျား စာလုံး ပေါင်းမှားနေတယ်နဲ့ တူတယ်ဗျာဟု ထောက်ပြသည်။ အာ.. ဘယ့်နှယ်မှားရမတုန်း၊ ကောင်မလေးဆီကတစ်လုံး ကျနော့်ဆီကတစ်လုံး၊ ပေါင်း လိုက်မှနှစ်လုံးပဲရှိတာလေ၊ အဲ့ဒီတော့ ကောင်မလေးဆီက အသည်းတစ်လုံးက လက်ထဲကနေ လိမ့်ကျသွားလို့ ကျုပ်မှာတစ်လုံးပဲကျန်တာပေါ့၊ အဲ့ဒါကြောင့် အသည်းတစ်လုံးကွဲတယ်လို့ ရေးထားတာလေ ကိုထိန်းငြောင့်ရယ်၊ အင်း... ကျနော့်အထင် မဟုတ်လွဲရော ကိုထိန်းငြောင့်ကြီး အတွေးချော်နေပြီနဲ့တူတယ်... ဟူ၍။

အမှာ။
တိုက်ဆိုင်မှုများရှိခဲ့လျှင် ခွင့်လွှတ်တော်မူကြပါရန် တောင်းပန်အပ်ပါသည်။
ခင်မင်စွာဖြင့်
ရေးသူ၏အားသည် ဖတ်သူ၌ရှိသည်။

စိုင်းလင်းတိုင်
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB