အပ်သုံးချောင်းငြား အတွေးလွန်သမား (ဇာတ်သိမ်းပိုင်း)

|

ဒီလိုနှင့်တစ်နေ့ ရွာက ကွန်တော်၏ သူငယ်ချင်းတစ်ယောက် ဟို..နားကောင်းဆိုသည့်ရွာက ကောင်မလေးတစ်ယောက်နှင့် လက်ထပ်မင်္ဂလာပွဲလေး ကျင်းပမည်ဟု ဖိတ်စာမရောက်ခင်ကတည်းက သိသည်။ ရွာဆိုသည့်အတိုင်းပါပဲခင်ဗျား ဟို ဂျာနဲ့လလစ်တို့ တီတင်းဆာတို့ ဆိုလား ဘာဆိုလား အဲ့ဒါတွေမလိုဘူးခင်ဗျား၊ ကိုယ်ကနည်းနည်းလောက် ထူးထူးဆန်းဆန်းလေးတစ်ခုလုပ်လိုက်ရင် တစ်ရွာလုံးကို ဟိုင်းပြီးအော်ပြောလိုက်ဘိသကဲ့သို့ ချောင်သူချောင်ကြားပါမကျန် အကုန်သိသည် ကြားသည်။ ဟို တစ်ညက အိုက်ပီးတို့နွားထီးလေးတစ်ကောင် အိမ်ပြန်ရောက်တာ ညဥ့်နည်းနည်း နက်သွားလို့ သူရဲထင်ပြီး ရွာထဲက ခွေးသုံးကောင် အူသံရှည်နှင့်အတူ ၀ိုင်းဟောင်ပစ်လိုက်တာ လူတွေတစ်ယောက်မှထတောင် အပေါ့မသွားရဲဘူး ဆိုပဲ။

ကျွန်တော့်သူငယ်ချင်း၏ မင်္ဂလာနေ့အရောက်မှာ ညတုန်းကမည်းလုံးကြီးကိုသွားငမ်းတာ ညဥ့်နက်သွားသည်ဟုထင်သည်။ အိမ်ထဲကို ဟို ပတ်ဒါပျက် နေသည့်ပြတင်းပေါက်ကနေ ၀င်ရသည်။ မနက်ခင်းရောက်တော့ ဖေဖေကလာနိုးသည်။ ကျွန်တော့်အဖေသည် အပြောဆိုးသည် ပြောလိုက်လျှင် တည့်တည့်ကြီး၊ ကျွန်တော့်ကို သူမင်္ဂလာမနက်ခင်း လာနုတ်ဆက်လိုက်ပုံကိုက “ဟေ့ ၀က်ကြီးထ”တဲ့ဗျာ။ အောင်မလေး အဖေ့အမြင်ကများ အိမ်ထဲ၌ ၀က်ထီးတစ်ကောင် နားရွက်ကြီးကားကားနှင့် ၀င်ခွေအိပ်နေသည့်အလား၊ ကြားလိုက်ရတာ နားရွက်တောင်ဝပ်သွားဟုထင်ရသည်။ မေမေကတော့ တက်မလာ၊ အိမ်အောက်ကနေ ဖေဖေ့ကို “ရှင်ကလဲနော် ကိုယ့်သားကို ၀က်လို့ခေါ်ရလား၊ ကဲ့ကဲ့ သွားမယ် ဟိုကမိတ်ဆွေတွေ မျှော်နေ ရော့မယ်”ဟု လှမ်းပြောလိုက်သည်။ ဖေဖေသည် အင်း..အင်း..ဆိုပြီးဆင်းသွားသည်။

ဆင်းတာဆင်းသွားသာ သူ့ပါးစပ်ကမငြိမ်သေး “အိမ်အပြန်မှာ အိပ်နေတာကို ငါမမြင်ချင်ဘူးနော်၊..လို့ကတော့ ဆေးလိပ်မီးနဲ့ နှာခေါင်းကြီးကိုတို့ ပစ်မယ်” ဟုကျိန်းသွားသေးသည်။ မေမေက “ဟေ့ သား ကြက်တွေ ၀က်တွေကို အစာကြွေးအုန်းနော် သား၊ ပြီးမှ မင်္ဂလာဆောင်ကို လာချင်ရင်လဲ လာခဲ့”။ ဟုတ် ဟုတ်၊ ကြွေးပါ့မယ် အိပ်လဲအိပ်ရဲတော့ပါဘူး နှာခေါင်းမီးတို့ခံရမှာကြောက်လို့” ဟုဖေဖေ့ကိုဆွလိုက်သေးသည်။ ဖေဖေကြီးဒေါ သူပုန်ထသွားသည်ဟုထင်သည်၊ အောင်မလေးလေး.. နောက်ပြန်လှည့်ရန်ဟန်ပြင်နေသည့် အဖေကြီးကို မေမေကလှမ်းလိုက်လို့ တော်သေးရဲ။ နို့မို့ဆို ခွေးပြေးဝက်ပြေးနှင့် ပြေးရမည်မှာ အသေအချာ။ ကျွန်တော်သည် အတူတွဲ၍သွားနေသည့် မိဘနှစ်ပါးကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ရင်း တစ်ယောက်တည်းပြုံနေသည်။ ကျွန်တော်ကိုကျွန်တော် ပြုံးနေသည်ဟုခံစားမိသည်။ အမကြီးသည်လည်း မင်္ဂလာဆောင်သွားဖို့ သနပ်ခါး လိမ်းနေရင်းက “ဟေ့ ငခဲ နင်ဘာရယ်နေတာလဲ”ဟု လှမ်းမေးသည်။ “ရယ်ပါဘူး ငါပြုံးရုံပဲပြုံးနေတာ”ဟုပြန်လိုက်သည်။ အဲ့ဒီတော့ အမက “ဟင်း.. နင့်အပြုံးကြီးက တဟားဟားကြီးနဲ့ပါလားဟ”ဟု ပြောလိုက်သည်။

ကျွန်တော်အဖြစ်က ဘယ်လိုပြောရမှန်းတောင်မသိဘူး၊ ရယ်နေတာတောင် ကိုယ့်ကိုကိုယ်မသိတဲ့အဖြစ်၊ ရူးတာတော့ မဟုတ်လောက်ဘူးထင်ရဲ့။ ရယ်မည်ဆိုလည်းရယ်လောက်ပါပေသည်၊ တွဲပြီးလျှောက်သွားနေသည့် ကိုယ့်မိဘနှစ်ပါးမှာ အရပ်ချင်းတော့သိပ်မကွာ လိုက်ဖက်သည်ဟုပြောရမည်၊ သို့ပေမယ့်လို့ မေမေက အ၀တ်အစား သန့်သန့်လှလှလေးနှင့်ဆင်ထားပြီး၊ ဖေဖေက ခေါင်းပေါင်းကလွှဲ၍ အ၀တ်အစားသစ်ဆို၍တစ်ခုမှ ဆင်မထား၊ ကြည့်အုန်းဗျာ မနေ့က ကြိုးပျက်သွားသည့် ဖိနပ်အပျက်ကြီးကို ကြိုးပြန်တွဲထားတာမသေမသပ် ကြိုးကတွဲလောင်းတွဲလောင်းကြီးနှင့် ပါ၍သွား သည်မှာ ရယ်ချင်စရာကြီးဖြစ်နေသည်။

များမကြာမီ အမကြီးလည်းထွက်သွားသည်။ အိမ်မှာ ကျွန်တော်တစ်ယောက်တည်းကျန်နေခဲ့သည်။ စိတ်ထဲကလည်း နည်းနည်းလွတ်လပ်သွား သည်ဟု ခံစားမိသည်။ တစ်ယောက်တည်းမို့ တွေးချင်တိုင်းတွေး ရယ်ချင်တိုင်းရယ် ကချင်တိုင်းကလိုက်စမ်းဟေ့ ဆိုပြီးပျော်နေသည်။ ကျွန်တော်သည် ခြံထဲသို့ဆင်းသွားပြီး ၀က်လေးတွေကို အစားကြွေးသည်၊ ပြီးမှ အိမ်ထဲပြန်ဝင်လာပြီး ရေနွေးကြမ်းလေးတစ်မော့ မော့လိုက်ပြီး `အင်း..ကြက်တွေကိုတော့ နောက်ကျမှပဲ ကြွေးမယ်ကွာ´ဟု စဉ်းစားထားသည်။ နည်းနည်းပျင်းရိစရာကြီးဖြစ်နေတော့ ကျွန်တော်ကြိုက်သည့် စိုင်းဆိုင်မော၊၀် လက်ရွေးစဉ်ခွေကို ဖွင့်နားထောင်ရင်း ရုတ်တရက်အတွေးတစ်ခုဝင်လာသည်။ အတွေးသမားဆိုသည့်အတိုင်း တစ်ခုမဟုတ်လျှင် တစ်ခုခုတော့ တွေးနေတတ်သည်။ စီးပွါးရေးတဲ့၊ အဲ့ဒီစီးပွါးရေးအကြောင်း ရုတ်တရက်ဝင်လာသည်။ ကျွန်တော်စိတ်မ၀င်စားသည့်အရာများသည် မရှိဘူးလို့် ပြောရပါတော့မည်။

ပြောရအုန်းမည် သူများက ကောင်းသည်ဟုပြောတာကို ကြားတိုင်းစိတ်ဝင်စားသည်။ ထို့ကြောင့် ဟိုတစ်နေ့က အိုက်ခမ်းက “ဟေ့ကောင် ငခဲပိုက်ဆံဆိုတာ ဘယ်ကဖြစ်လာလဲ သိလား”တဲ့။ ကျွန်တော်က “အာ...မင်းဆိုတဲ့ကောင် တော်တော် အ တာပဲ၊ ပိုက်ဆံဆိုတာ စက္ကူကဖြစ်လာတာပေါ့ကွ”ဟု ခပ် တည်တည်နှင့် ပြောချလိုက်သည်။ သူက `မဟုတ်ဘူးကွ၊ ဒီမှာ ဟကောင် မှတ်ထား ပိုက်ဆံဆိုတာ စီပွါးရေးကဖြစ်လာတာဟ၊ အဲ...စီးပွါးရေး အကြောင်းမသိရင်တော့ ငါ့ကောင်ရယ် ကြီးပွါးဖို့ မျှော်လင့်မနေနဲ့တော့၊ ဒါကြောင့်မို့ ငါမြို့ရောက်တုန်းက စီးပွါးရေးစာအုပ်တစ်အုပ် ၀ယ်လာတာ ဒီမှာလေ´ဟု ကျွန်တော့်ကိုပြသည်။ အဲ့ဒီစာအုပ်က `ချက်နည်း ပြုတ်နည်း´ဟု မြန်မာစာဖြင့်ရေးထားသည်။ `ဟင် ဒီစာအုပ်က စီးပွါးရေးနဲ့ ဘာဆိုင်လဲဟ`ဟု ကျွန်တော်မေးသည်။ `ဟာ မင်းကလဲ ချက်နည်းပြုတ်နည်းလဲ စီးပွါးရေးနဲ့ဆိုင်တယ်လေ ငအ ကြီးရဲ့၊ နောက်တစ်ခါ ငါမြို့ကို ရောက်ရင် စီးပွါးရေးလို့ရေးထားတဲ့ စာအုပ်ဝယ်လာပြမယ်ဟု ပြောသည်။ ကျွန်တော်စိတ်ဝင်စားသွားသည်။ အင်း... စီးပွါးရေး စီးပွါးရေး။ သူပြောသလို စီးပွါးရေးအကြောင်းကောင်းကောင်းသိဖို့ အဲ့ဒီချက်နည်း ပြုတ်နည်းဆိုသည့်စာအုပ်ကို မရမကတောင်းယူလိုက်ပါတော့သည်။

ကျွန်တော်သည် စီးပွါးရေးအကြောင်းတွေးနေရင်း အိပ်ချင်လာသည်။ `ဟ.. မေ့နေလိုက်တာ၊ အိုက်ခမ်းဆီက မရမကတောင်းလာတဲ့စာအုပ်၊ တစ်ခါမှ မဖတ်ရသေးဘူး´ဟု ဒိန်းခနဲ သွားသတိရလိုက်သည်။ စီးပွါးရေးအကြောင်းသိရင် ကြီးပွါးမယ်တဲ့လား `ဟင်း..စီးပွါးရေးရယ် တွေ့ကြသေးတာပေါ့၊ မျက်ပင်တွေကို ၀ါးလုံးနဲ့သိမ်းကျုံးလိုက်သကဲ့သို့ မင်းအကြောင်းတွေကို အကုန်လှန်ဖတ်ပစ်လိုက်ပြီး ကြီးပွါးပစ်မယ်´ဟု ကျိန်းဝါးလိုက်သည်။ ဒီတော့ သီချင်းလေး တစ်ငြီးငြီးနှင့် ဖျာလေးခင်း လဲရင်းနှင့်ဖတ်မည်ဟု စိတ်ကူးသည်။ စာကမဖတ်ရသေး လဲလိုက်သည်နှင့် အတွေးကပိုနေသည်။ ဒီလိုနှင့်လက်က စာအုပ်လေးကို ရင်မှာပိုက်ပြီး စီးပွါးရေးအကြောင်းတွေတွေးရင်းနှင့် ဆတ်ခနဲသတိလစ်သွားပြီး ဖျက်ခနဲ ပြန်သတိရလာသည့်အချိန်မှာ ကျွန်တော်သည် ကားအသစ်လှလှလေးပေါ်မှာ လောပန်းလေးပေါ့ဗျာ။ ဆန်ပွဲစားလေးပါခင်ဗျား။ ရွာမှာ ဆန်တွေစုဝယ်ပြီး မြို့ကိုတင်ပို့နေသည်။ အိပ်ကပ်ကိုစမ်းကြည့်သည် အိပ်ကပ်ကဖေါင်းနေသည်၊ ပိုက်ဆံတွေ ပိုက်ဆံတွေ၊ ငါကြီးပွါးပြီ၊ အောင်မလေး ပျော်လိုက်တာ၊ ပျော်ချက်ကတော့ ပြောကိုမပြောချင်ဘူး အိမ်၏၀ရံတာကနေ ခုန်ဆင်းလိုက်လို့ ခြေမတစ်ဖက်ကြိုးသွားသည်။ တစ်နေ့ ကျွန်တော့်ဆီမှတစ်ဆင့် ဆန်ဝယ်ယူနေကြသည့် မြို့ကဆန်ကုန်သည်ကြီး ဦးကလူးသည် ကျွန်တော်နှင့်တွေ့လိုကြောင်း၊ မြို့သို့တက်လာပါရန် ကားဆရာကို အမှာလွှတ်တော်မူလိုက်သည်။

ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်မိသားစုနှင့် အိမ်နှီးနားချင်းတွေကို ကျွန်တော်က ခပ်ကြွားကြွားဖြင့် ရှယ်ယာစုတစ်ခုအတွက် စာချုပ် ချုပ်ရန် မြို့တက်မည်ဖြစ်ကြောင်း၊ မှာစရာရှိလျှင် မှာနိုင်ပါကြောင်း အသိပေးထားသည်။ သို့နှင့်များမကြာမီ အဲ့ဒီနေ့မှာပဲ ကလေးသုံးယောက် အိမ်ကိုရောက်လာသည် မိန်းကလေးတစ်ယောက်နှင့် ယောကျားလေးနှစ်ယောက်။ ရောက်လျှင်ရောက်ချင်း ကျွန်တော့ကို ကလေးမလေးလာပြောသည့် ပုံက- ဦးဦးက မြို့မှာစာသွားချုပ်မယ်ဆို ဟုမေးသည်။ ဟုတ်တယ် ဟုကျွန်တော်ဖြေသည်။ ကလေးမက ဦးဦးပြန်လာရင် သမီးတို့အတွက် မုန့်ဝယ် မလာမှာစိုးလို့ သမီးတို့ကလက်ဆောင်အရင်လာပေးတာ တဲ့၊ ဘာများလဲ သမီးတို့ရဲ့ ဟုကျွန်တော်မေးလိုက်သည်။ အဲ့ဒီအခါ သူတို့၏ အိပ်ကပ်လေးထဲ နှိပ်ယူလာတာ သေးသေးလေးရယ်၊ အပ်သုံးကလေးသုံးချောင်း။ ဟင်.. ဆိုပြီး ကျွန်အံ့သြသွားသည်။ အဲ့ဒါ ဘာလုပ်မှာလဲဟ ဟုကျွန်တော်သည် နားမလည်နိုင်စွာဖြင့် ပြန်မေးသည်။ သူတို့လေးတွေက ပြိုင်တူဖြေလိုက်သည်မှာ- ဦးက စာသွားချုပ်မှာဆို အပ်လိုနေမှာစိုးလို့ အိမ်က ခိုးလာပေးတာတဲ့။ အောင်မလေးဟ နင်တို့ကတော့နော် စာအုပ်သွားချုပ်တာကို ပြောတာမဟုတ်ဘူးဟ ကလေးတို့ရဲ့ ဟုပြောလိုက်ပြီး သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ရယ်ချင်လာသည်။ ကျွန်တော်သည် မအောင့်နိုင်တော့ပဲ ရယ်ချလိုက်ပါတော့သည်။
ရုတ်တရက် ဒိုင်းခနဲ ကျယ်လောင်သည့် အသံကြီးတစ်ခု နားကွဲလုမတတ် ကြားလိုက်ရသည်။ `ဟိုက်´ဆိုပြီး ကျွန်တော်မတ်သပ်ရပ်ထလိုက်သည်။ ဟေ့ဟေ့ ဟေ့ကောင် ငခဲ ဆိုသည့် အိုက်ခမ်းအသံကိုလည်း ဆက်တိုက်ကြားရသည်။ ကျွန်တော်သတိကောင်းကောင်း ရလိုက်သည့်အချိန်မှာ အိုက်ပီး အိုက်ပေါက် မည်းလုံးတို့ သုံးယောက် ကျွန်တော့်ခြေရင်းနှင့် မလှမ်းမကမ်းမှာထိုင်နေတာကို တွေ့လိုက်ရသည်။ ဘယ်ချိန်တုန်းက အိပ်ပျော်၍ ပျော်သွားမှန်းမသိ၊ အိုက်ခမ်းက ထမင်းထည့် စတီးပုဂံတစ်လုံးကို တခြမ်းခြမ်း တခြင်ခြင်တီးနေသည်။ အိုက်ခမ်းကပြောသည် `ဟေ့ကောင်ကြီး မင်းဘာတွေ အိမ်မက်မက်နေတာလဲ၊ ငါတို့ မင်းကိုထိုင်ကြည့်နေကြာလှပြီ၊ မင်းကတော့ သွားကျဲကြီးနဲ့ ပါးစပ်ကြီးဖြဲပြီး တဟားဟားနဲ့ရယ်နေတာ ဟိုမနေ့က လှည်းကျိတ်လို့ အသက်ငင်နေတဲ့ခွေးအတိုင်းပဲ၊ ထလာပုံကလည်း မျက်စိမဖွင့်ပဲ သိုင်းကကွက်လေးနဲ့ထလာတယ်၊ မင်းကိုမင်း မျက်ကန်းတစ္ဆေ သိုင်းသမားများ မှတ်နေလား´တဲ့။ အောင်မလေးဗျာ နှိုင်းမယ့်နှိုင်းငြား အသက်ငင်နေတဲ့ ခွေးနှင့်မှနှိုင်းရတယ်လို့၊ ဟင်း.. အိုက်ခမ်းနော် မည်းလုံးရှိနေ ၍သာ၊ ...လို့ကတော့ ဆံပင်ကို တစ်ချောင်းချင်းနှုတ်ပစ်မည်။

မည်းလုံးကပြောသည် ဟေ့ငခဲ မင်္ဂလာဆောင်ပွဲသွားရအောင် နင့်ကိုလာခေါ်တာ၊ လုပ်မြန်မြန်အ၀တ်အစားလှဲတော့ဟုပြောသည်။ အေးအေးဆိုပြီးအ ၀တ်အစားလှဲရန်ဟန်ပြင် `ဟိုက် မေ့နေလိုက်တာ ခုထိကြက်စာမကြွေးရသေးဘူး၊ ခဏလေးနော် ဆိုပြီး ဆန်ကိုယူရန်အသွား မည်းလုံးကစိတ်မရှည်ဟန်နှင့် `မြန်မြန်သွားပါဟေ့၊ အရေးထဲ ကြက်ကပါလာသေး။ အောင်မေလေးနော် နှေးလိုက်တဲ့ခြေလှမ်း၊ တီကောင် လမ်းလျှောက်နေတဲ့အတိုင်းပဲ´ဟု ပြောလိုက်သည်။ မည်းလုံးလေးရဲ့ အသံဆိုတော့ အကောင်းပြောပြော အဆိုးပြောပြော ကြားရသည့်နားက သကြားသီးစားရသည့်အလား ချိုဆိမ့်လို့။ အိုက်ပေါက်ကလည်း အသာမနေ မကြားတကြားနှင့် လှမ်းပြောလိုက်သည်မှာ- ဟေ့ကောင်ကြီး မြန်မြန်ကြွ မြန်မြန်ကြွေးပြီး မြန်မြန် ပြန်လာနော်၊ ကြက်ခြံထဲ သွားအိပ်မနေနဲ့အုန်း၊ တော်ကြာ နင်နဲ့ကြက်နဲ့ဖြစ်...ဟူ၍။

(ပြီး)

*မိတ်ဆွေသူငယ်ချင်းခင်ဗျား ကျွန်ုပ်ကဲ့သို့ အတွေးလွန်လျှင် အပ်သုံးချောင်းနှင့်ငြားနိုင်ပြီး၊ တကယ့်အရေးကြီးသည့်အချိန်မှာ အထနှေးနေတတ်သည်။

အမှာ။
ကျွန်ုပ်၏ စာအရေးအသားကား အလွန်ညံ့ဖျင်းသည်။ ရေးပုံရေးနည်းကိုနားမလည်ပါ။ ရေးတတ်အောင် သင်တန်းလည်းမတက်ဖူးပါ။ စာဖတ်ခြင်း စာရေးခြင်း ၀ါသနာက သိပ်မပါပါခင်ဗျား။ အကျွန်ုပ်၏ ၀ါသနာသည်ကား ကြက်တိုက်ပွဲကြည့်ခြင်းသာဖြစ်သည်။ ကြက်တိုက်ပွဲဆိုလျှင် မြန်လှပါတယ် ဆိုသည့် သိတင်းထောက်တွေထက် ကျွန်ုပ်ကဦးအောင် သီတင်းပေးနိုင်သည်။ ဤစာကိုရေးရခြင်းသည် အကျွန်ုပ်၏မိတ်ဆွေသူငယ်ချင်းများကို လေးစားသောကြောင့်ဖြစ်သည်။ လေးစားသည့်အတွက်ကြောင့် သည်လိုကြိုးးစားရေးနေရခြင်းပဲဖြစ်သည်။ ရေးတတ်၍ရေးနေသည်မဟုတ်ပါ။ ဤကဲ့သို့ ၀တ္ထုမဟုတ် ပုံပြင်မဟုတ် အမှတ်တမဲ့ အဖြစ်ပျက်ဇာတ်လေးကို မျှဝေခံစား တင်ပေးရခြင်း၏ အကြောင်းရင်းမှာ တစ်ခုတည်းသာဖြစ်သည်။

အကြောင်းရင်းတစ်ခုဟူသည်ကား- လုပ်ငန်းကိုင်ငန်းမှ ကိုယ်ပန်းစိတ်ပန်း မောမောကြီးနှင့် အိမ်ပြန်ရောက်လာသော မိတ်ဆွေများအတွက် အမောပြေဆေး လေးတစ်ခွက် ဖြစ်ရကောင်းပါရဲ့ ဟူသောရည်ရွယ်ချက်ဖြစ်သည်။ ဤအဖြစ်အပျက်လေးသည် ဟာသဆန်သည်ဟု စာရေးသူကိုယ်၌ခံစားမိပါသည်။ ထို့ကြောင့် ကျွန်ုပ်၏ဖြစ်သလို ရေးသားထားသော ဤဇာတ်လမ်းလေးကို ဖတ်မိသော စာရေးဆရာကြီးတွေ၊ အနုပညာရှင်ကြီးတွေစသည့် သည်လို အမျိုးမျိုးသော မိတ်ဆွေများမှာ ကြံသကာပြုံး ပြုံးသောအပြုံး၊ ငရုပ်သီးပြုံး ပြုံးသောအပြုံး၊ မရမ်းသီးပြုံး ပြုံးသောအပြုံး၊ ငပိပဲပုတ်ပြုံး ပြုံးသောအပြုံး၊ ခြောက်ဖြာမဲ့ပြုံး ပြုံးသောအပြုံး။ အဲ့ဒီလိုအပြုံးတွေထဲမှာ တစ်ခုခုသောအပြုံး၌ မိတ်ဆွေတို့ ပြုံးနေတော်မူလိမ့်မည်။ ဘယ်လိုအပြုံးမျိုးမဆို ကျွန်ုပ်လက်ခံ သည်။
ဤနေရာ၌ အထူးသဖြင့် မရမ်းသီးပြုံး၊ငပိပဲပုတ်ပြုံး၊ခြောက်ဖြာမဲ့ပြုံး ပြုံးသည့်မိတ်ဆွေများအတွက် အကယ်၍ရင်မှာ သဘောမတွေ့ မနောမှာမခွေ့သည် ဖြစ်စေ၊ တိုက်ဆိုင်၍ဖြစ်စေ permission card လေးပေးတော်မူကြ၍ ခွင့်လွှတ်တော်မူပါရန် ဤနေရာမှ ကျွန်ုပ်တောင်းပန်အပ်ပါသည်။

*စာရေးသူ၏ အားသည် ဖတ်သူမှာ ရှိတယ်။
စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB