စိတ်စင်ကြည်အောင်ထားခြင်း

|

အကျွန်ုပ်တို့၏ ဘ၀မှာ အရေးအကြီးဆုံး အချက်တစ်ချက်ရှိသည်။ အဲ့သည်အရေးအကြီးဆုံး အချက်တစ်ချက်ဟူသည် စိတ်ကိုစင်ကြည်အောင် ထားခြင်းဖြစ်သည်။
လေ့လာခဲ့ပြီး မှတ်မိသလောက်ကို ရေးရမည်ဆိုလျှင်- စိတ်ကိုစင်ကြည်အောင် ထားနိုင်စေရန် အလျှင်ဆုံး မိမိ၏အတ္တစိတ်ထား (self-centered) ကို တစ်ဖြည်းဖြည်းချင်း ယုတ်လျှော့သွားအောင် ပြုလုပ်ကြံစည်တွေးဆ ဆောင်ရွတ်ရမည်ဖြစ်သည်။ သို့ပေမယ့် သည်အတ္တစိတ်ကို ယုတ်လျှော့သွားအောင် လုပ်ရမည်ဆိုတာတွေသည် အပြောလွယ်သလောက် အလုပ်ရခက်ဆုံးအရာဖြစ်သည်။ သည်လိုဆိုလျှင် မိမိတို့၏ အတ္တစိတ်တွေကို လျှော့ပါးသွားအောင် ဘယ်လိုလုပ်ရမည်နည်း? နည်းလမ်းတစ်ခုတည်းသာရှိသည်၊ အဲ့ဒါ… နေရာတိုင်း အချိန်တိုင်း၌ ဘယ်လိုအခြေအနေမျိုးမဆို မိမိတို့သည် မေတ္တာစိတ်ထား၍ ဗြဟ္မာစိုရ်တရားများကို ပွါးများအားထုတ်ကာ ကြံဆောင်ပြုလုပ် နေခြင်းဖြစ်သည်။ ဗြဟ္မစိုရ်တရားဟူသည် မေတ္တာ၊ ကရုနာ၊ မုဒိတာနှင့် ဥပေက္ခာ ဤလေးပါးတို့ဖြစ်ကြသည်။
မေတ္တာစိတ်ထားခြင်းဆိုတာကို မသိသောသူ သိပ်များလိမ့်မည်မထင်ပါ။ မေတ္တာစိတ်ထားခြင်းဟူသည် အခြေအနေတိုင်းကို အပြစ်ဟူ၍ မရှုမြင်ဘဲ အကောင်းဖက်၌သာ ရှုမြင်သုံးသတ် ဆင်ခြင်ပွါးများတတ်ခြင်းကို မေတ္တာစိတ်ထားဟုခေါ်သည်။
ကရုနာဟူသည်လည်း မသိသောသူမရှိသလောက် ရင်းနှီးနေပြီးသားဖြစ်သည်။ ကရုနာစိတ်ထားရှိသူတိုင်းသည် ကြင်နာတတ်သည်၊ သနားတတ်ကြသည်။ ကြင်နာသနားတတ်ခြင်းဟူသည် မိမိတို့ထက် နိမ့်ကျသော ဆင်းရဲသော အသိပညာ နိမ့်ပါးသော သူမျာတွေကို ကြင်နာသနားခြင်းဖြစ်သည်။
မုဒိတာဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်သဘောပေါက်ကြသည်၊ မိမိတို့ထက် သာလွန်သောသူတွေကို မနာလိုဝန်သိုမှုမရှိဘဲ ကိုယ့်ထက်သာသည့်သူတွေကို ကြည့်ရင်းစိတ်ထဲ၌ ပီတိလေးတွေ ဖြစ်ပွါးနေခြင်းမျိုးကို မုဒိတာဟုခေါ်သည်။
ဥပေက္ခာဆိုတာပို၍ ထင်ထင်ရှားရှား သဘောပေါက်ကြမည်ဟု ယုံကြည်သည်။ အကောင်းပြောပြော အဆိုးဆိုဆို၊ အကောင်းတွေ့တွေ့ အဆိုးကြုံကြုံ မတုန်မလှုပ် မတုန့်မပြန် အေးဆေးငြိမ်သက်စွာဖြင့် အရာအားလုံးကို ဥပေက္ခာပြုထားခြင်းဖြစ်သည်။
သည်ဗြဟ္မစိုရ် တရားလေးပါးတို့ကို တစ်ဖြည်းဖြည်းချင်း ပွါးများအားထုတ်လျှင် အထက်၌ဆိုခဲ့သည့်အတိုင်း မိမိတို့၏ အတ္တစိတ် သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည့်စိတ်သည် အလိုအလိုနေရင် လျှော့ပါးလာမှာဖြစ်ပြီး၊ မိမိတို့၏ စိတ်သည်လည်း အနှောင်အဖွဲ့ကင်းကာ စင်ကြည်လာပါလိမ့်မည်။ မိမိတို့၏စိတ် စင်ကြည်လာလေလေ ပျော်ရွှင်နိုင်လေလေဖြစ်သည်။ ထိုကြောင့် မိမိတို့သည် မိမိတို့၏စိတ်ကို စင်ကြည်အောင်ထားပြီး နေချင်ပါဘိဆိုလျှင် ဗြဟ္မစိုရ်တရားများကို တတ်နိုင်သရွေ့ ပွါးများအားထုတ် နေရမည်ဖြစ်ပြီး၊ အချိန်ရှိလျှင် ညအိပ်ရာဝင်ခါနီး၌ တရားထိုင်သည့် အကျင့်လေးတစ်ခုကို မွေးမြူထားသင့်သည်၊ ဒါမှသာလျှင်လည်း မိမိ၏စိတ်ပိုပြီး ကြည်လင်လာပါလိမ့်မည်။ ကြည်လင်နေမှ ဖြူစင်နိုင်မည်။ စိတ်ဖြူစင်နေမှ တစ်ယောက်ယောက်ကို ခွင့်လွှတ်နိုင်မည်။ ထို့ကြောင့် အများပြောနေကြသည့် အဖြူရောင် နှလုံးသားဆိုတာ စိတ်၏ကြည်လင် ဖြူစင်နေခြင်းဖြစ်သည်ဟု အကျွန်ုပ်ယူဆမိပါသည်။။

။အမှာ။ ရေးသားခဲ့ပြီး အထက်ပါ အချက်အလက်တို့သည် အပြည့်အစုံမဟုတ်၊ အကျဉ်းမျှသာ ဖြစ်သည့်အတွက် လိုအပ်ချက်များ ရှိနေပါလိမ့်မည်။ အပြည့်အစုံကို ရေးနိုင်စွမ်းအား ကျွန်ုပ်၌မရှိသေးပါ။ ပညာဗဟုသုတ ဆိုတာလည်း ရှာဖွေသိုမှီး နေရဆဲမို့ ချို့ယွင်းချက်များကို နားလည်ခွင့်လွှတ်ပေး စေချင်ပါသည်။။

လေးစားစွာဖြင့်
စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB