တွေးမိတွေးရာ ရေးတဲ့ကဗျာ

|

ကြံမိကြံရာ အလုပ်မရှိအလုပ်ရှာဆိုတဲ့အတိုင်း ထိန်းငြောင့်ကြီးတစ်ယောက် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် ညနေချင်းလေးတစ်ခုမှာ မုတ်ဆိတ်ကြီးကိုပွတ်သပ်ရင်း ကိုခင်မောင်တိုး၏ အလွမ်းဆိုသည့် သီချင်းလေးတစ်ပုဒ်ကို သွားသတိရလိုက်တာ၊ အဲ့ဒီကနေ ထိန်းငြောင့်ကြီး တစ်ယောက် လွမ်းမိနေသလိုလို ရင်ထဲခံစားလာသည်၊ သို့ပေမယ့် ဘာကိုလွမ်းလို့လွမ်းနေမှန်းမသိ ဘယ်သူ့ကိုလွမ်းလို့လွမ်းနေမှန်းမသိ ဦးတည်ချက်ရယ် တိတိကျကျမရှိ၊ ယောင်တိယောင်တောင် ဆေးလိပ်သောက်မည်ဟု အကြံရပြီးမှ ကြောင်ပြီးခြင်ထောင်ထထောင်နေသည့် သူတစ်ယောက်ပမာ၊ လမ်းထွက်လျှောက်မည်ဟု အစောကတည်းက တွေးခဲ့သည့်ကျနော် အဲ့ဒီအလွမ်းဆိုသည့် သီချင်းကြီးကဖမ်းစားလိုက်လေရာ ကြောင်ပြီး လမ်းဘေးနားက ကုက္ကိုရ်ပင်အောက် ရောက်သွားပြီး ထိုင်နေသည် လွမ်းခြင်းများစွာနဲ့ပေါ့။
အောင်မလေးလေ…လွမ်းလိုက်ရတဲ့အလွမ်းရယ် ညနေစာကိုစားခဲ့တာ ငါးမိနစ်လောက်ပဲ ရှိသေးသည် အခုကြည့် ရင်ထဲမကဘူး ၀မ်းပိုက်ထဲကပါ ဟာတာတာကြီးဖြစ်နေသည် ထမင်းမစားရသေးသည့်အတိုင်းပဲ။ အတွေးသမားတစ်ဝက်နှင့် ထိန်းငြောင့်ခေါ် ကျနော်သည် မြင်နေကျမို့ ဘာမှကိုအထူးအဆန်းမရှိသည့် ကုက္ကိုရ်ပင်ကြီးကို မော့ကြည့်နေရင်နဲ့ စကားပုံတစ်ခု ရုတ်တရက်ခေါင်းထဲရောက်လာသည်။ ကံကောင်းနေချိန်နတ်မဆိုသည့်အလား ကြံကြံဖန်ဖန် အိမ်ကျောချင်းကပ်နေသည့် ထီရောင်သမားကိုအဟွာရဲ့ အိမ်ပြန်လာခိုက်နှင့်ကြုံပြီး သူသည် ကျနော့်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
သူက “ဟေ့..ညီလေး ဘာလုပ်နေတာလဲ၊ ထီထိုးဖို့စောင့်နေလား၊ ကြိုက်တာရွေးနော် အားမနာနဲ့” ဟုပြောသည်။ ကျနော်က `ထီတော့မထိုးချင်ပေါင်ဗျာ ထိုးတိုင်းလည်းကံမလှ ခုထိထိုးထားခဲ့တဲ့ ကျနော့်ပိုက်ဆံတစ်ပြားမှ ပြန်ရောက်မလာသေးဘူးဗျာ သူတို့ကို စောင့်လိုက်အုန်းမယ်။ ခုတော့ဗျာ ဘောပင်လေးတစ်ချောင်းသာ ရွေးခွင့်ပြုပါခင်ဗျား အပိုပါရင်။ သူက ဟ..မင်းဘာလုပ်မလဲ ပုရွတ်ဆိတ်တွင်း တူးမလို့လား ဒီလမ်းဘေးနားကဟု သူပြော လိုက်သည်။ ဟာ..ခင်ဗျားကလဲ ဘယ်က ပုရွတ်ဆိတ်တွင်းတူးရမှာလဲ ရည်းစားစာရေးမလို့ဗျဟု ကျနော်ပြောလိုက်သည်။ အေးလေ..အဲလိုဆို ရော့ဟု လမ်းပေးရင်း ဟေ့ကောင်လေး ပြန်ပေးဖို့မမေ့နဲ့နော် ဘောပင်တစ်ချောင်း ထီတစ်စောင်စာလောက်ရှိတယ်နော်..တဲ့၊ သူက စိတ်မချစွာနဲ့ နောက်ကိုလှည့်ကာလှည့်ကာ တစ်သွက်သွက်မှာကြားနေတော်မူသည်။ ကျနော်က ဟုတ်ဟုတ် သွားမှာသာသွားပါဗျာ၊ ရှေ့ကိုလည်းကြည့်အုန်း ခလုပ်တိုက်…. ကျနော့်စကားမဆုံးသေး ကိုအဟွာ စက်ဘီးနဲ့အတူ ဘိုင်းခနဲလဲကျသွားသည်။ ကျနော် သွားပြီးဆွဲကူလိုက်သည်။ သူခများခြေခေါက်သွား၍ လမ်းကောင်းကောင်းမလျှောက်နိုင်၊ ထို့ကြောင့်သူ့ကို သူ့အိမ်ထိလိုက်ပို့ခဲ့ရသည်။ စောစောက ငှါးထားသည့် ဘောပင်ကိုလည်း သူ့ကိုပြန်၍လှမ်းပေးရင်းနဲ့ `ရော့ ကိုကြီး ခင်ဗျားရဲ့ဘောပင်၊ ကျနော်အိမ်ပြန်တော့မယ်`ဟု ကျနော်ပြောသည်။ သူက `ဟင်.. မင်း ရည်းစားစာရေးမယ်ဆို၊ ရေးတော့ဘူးလားဟ`။ မရေးတော့ဘူးဗျာ ဘောပင်ကြောင့် ခလေးဖြစ်သွားတဲ့ခင်ဗျားကို သနားလို့ဟုကျနော်က နောက်လိုက်သည်။ အောင်မှာ ဟေ့ကောင် မင်းက ငါ့ကိုများ ခလေးလေး ဘာလေးနဲ့ ပြောနေတာ မင်းက ဘာကောင်မို့လို့တုန်းဟု သူကခပ်ငေါက်ငေါက်ဖြင့်ပြန်ပြောသည်။
အေးလေ..လူကြီးဆိုရင် လမ်းလျှောက်နိုင်ရမှာပေါ့ဗျဟု ကျနော်ပြောလိုက်တော့ သူခများ လက်သီးလက်မောင်းနှင့် ဟေ့ကောင် အဲ့ဒါမင်းကြောင့်ကွ ပြန်မှာသာမြန်မြန်ပြန်ကွာ တော်ကြာ ငါထရိုက်ရ..။ ကျနော်က ဒိန်ဒိန်းဒေါင် ဘိန်ပိန်းပေါင် မာရသွန်ခြေကြိုးကိုကြီးကောင်…။ ကိုအဟွာသည် ချွတ်မထားရသေးသည့် ဖိနပ်ကြီးကို ဆွဲချွတ်ကာ ပစ်လိုက်၍ နားရွက်ကိုရှပ်သွားတာ ပူခနဲဖြစ်သွားသည်။
ကျနော်သည် ခြေခေါက်၍ လမ်းမလျှောက်နိုင်တဲ့သူ အနာတရနဲ့ နာကျင်နေသည့်သူ ကိုအဟွာကို အားရပါးရ စ လိုက်ပြီးမှ အိမ်ပြန်ခဲ့သည်။ မကောင်းတတ်မှန်းသိသည် သို့သော် အ စ သန်သည့် ထိန်းငြောင့်ဆိုသည့်ကျနော် ခင်သည့်သူမှန်သမျှကို နည်းနည်းလောက် ကလိရမှ ကျေနပ်နေတတ်သည်။ အင်း..ဟို ကိုအဟွာ၏ ၀တ်အလိုက်မခံပါရအောင် နောက်နေ့ကျလျှင် သူ့ကိုသွားပြီး တောင်းပန်စကား ပြောရအုန်းမည်။ သို့နှင့် အိမ်ပြန်ရောက်ရောက်ချင်း အစောကြီးကတည်းက တွေးထားသည့် စကားပုံတစ်ခုနှင့် ပတ်သက်သည့် အတွေးလေးကို အစပြန်ဖေါ်ရင်း ရေးချလိုက်တာ အောက်ကအတိုင်းပါခင်ဗျား…။

ကြီးမားလှတဲ့ကုက္ကိုရ်ပင်ကြီးရယ်
မင်းရဲ့အရိပ်ကအေးမျှလှပါတယ်၊
ဆွဲဆောင်မှုအပြည့်နဲ့မို့လေ
မြင်တွေ့သူတိုင်းငေးမောရပါတယ်၊
ဖြာကျနေတဲ့ကိုင်းဖျားအောက်၌၀ယ်
ရောက်လာသူတိုင်းခိုလှုံချင်ကြတယ်၊
ရောက်လာသမျှလူတိုင်းရဲ့ရင်ထဲမယ်
နတ်ကြီးမှာကိုတော့စိုးရိမ်မိကြတယ်၊
ဒီလူ့သမိုင်းစကားဝိုင်းလေးတစ်ခုမှာလေ
အပင်ကြီးတိုင်း၌အစောင့်နတ်ရှိတယ်
လှပတဲ့ပန်းလေးတွေတိုင်းပိုင်ရှင်ရှိကြပါသတဲ့လေ။

အမှာ။ ။
စကားပုံဟာ စကားပုံပဲဖြစ်တာမို့ ဖြစ်နိုင်လိမ့်မယ်လို့တော့ မထင်ပါ..။ : P

ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြကုန်၍ ပျော်ရွှင်ဖွယ်အပေါင်းဖြင့် ရှိကြပါစေ..။

စိုင်းလင်းတိုင်း

-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB